ငါတို့ အချစ်အကြောင်း မပြောဖြစ်တာ အတော်ကြာပြီ
ဒုက္ခတွေ တစ်ဒိုင်းဒိုင်းပစ်ဖောက်ပြီး ပေတေနေလာခဲ့ကြတဲ့ နှစ်တွေပေါ့
ဘဝဟာ မိုးတိမ်လို မရည်ရွယ်ဘဲ ရွေ့လျား
အချစ်အကြောင်း ပြောဖို့ မေ့နေကြပုံများလေ။
ဒီမြစ်တွေက ဒေါသကြီးကြတယ်။
ရက်စက်ကြမ်းတမ်း အမောအပန်းတွေ အပြည့်
ဒါပေမယ့် လှည့်ကြည့်လှည့်ဦး အချစ်ရေ၊
ဒို့နှစ်ယောက် ကူးခတ်လာပုံက နူးညံ့လှချည်ရဲ့၊
ဒို့ခြေရင်းမှာ ဝတ်ဆင်းခဲ့ရတဲ့ မြစ်မင်းတွေ
ဖြတ်သွားဖြတ်လာ ချစ်ခြင်းမေတ္တာဆိုတာ မရှိပါဘူး
တမင် ဂရုတစိုက် စိုက်ပျိုးခဲ့ရတဲ့ သစ်ပင်ပါ
သစ်ရွက်သေတွေ ကြွေချင် ကြွေမယ်
ဆူးတွေ ဝေချင် ဝေနေမယ်
ချစ်ခြင်းလေပြေမှာ ရယ်ရီသံနူးနူးညံညံ လှုပ်ခတ်နေသေးတာပဲ
လမ်းရဲ့ခေါ်ဆောင်ရာ တဲ့
ငါတို့ ရောက်ခဲ့တယ်
ငါတို့ သွားနေတယ်
အနားမှာ တစ်လျှောက်လုံး ရှိနေပေးလို့လည်း ကျေးဇူးတင်ပါတယ်။
တစ်နေ့နေ့တော့ ငါတို့ထမ်းထားရတဲ့ နှစ်ကာလတွေ ပစ်ချပြီး
မင်းအပြုံတွေကို ထိုင်ကြည့်နေချင်သေးတယ်။
၂၀၂၃-၀၂-၁၀ ၁၁း၅၈ မနက်
ငါ့ထက်ဆိုးတဲ့ ဘဝတွေ အများကြီး
ဆယ်ဘီးကားအောက် ထိုးဝင်ခဲ့တဲ့ ခေါင်းဟာ ငါပဲ
လက်ဆွဲကျန်ခဲ့သူ ခလေးငယ်ဟာလည်း ငါပဲ
ဆာလောင်ခြင်းမှာ သေခြင်းအနံ့ တဖွားဖွား
မီးလာတုန်းလေး ရှိသမျှ အားသွင်းထားရတယ်
ငါ့စိတ်ဓာတ်ကိုရော ဘယ်လို အားပြန်သွင်းရမလဲ
စိုနေတာ မျက်ရည်လား ချွေးလား
အနာက မနက်တာလား
ငါက မနက်နဲတာလား
ငါ့ထက်ဆိုးတဲ့ ဘဝတွေချည်းပဲ
၂၃-၀၃-၂၀၂၂
မိစ္ဆာတွေဟာ မောင်းလာတဲ့ကား
မိစ္ဆာတွေမှာ သူ့စည်းကိုယ့်စည်း မရှိတော့ဘူး
မိစ္ဆာတွေဟာ အရေခြုံ ဝတ်စုံတွေနဲ့
မိစ္ဆာတွေဟာ သူလို ကိုယ်လိုပဲ ဂျိုမပါဘူး
မိစ္ဆာတွေဟာ စစ်ခမောက်ဆောင်းလာတယ်
မိစ္ဆာတွေဟာ လူအုပ်ထဲ ကျည်အစစ်နဲ့ ပစ်ထည့်တယ်
မိစ္ဆာတွေဟာ ခန္ဓာထဲမှာ မီးတွေ လောင်နေတယ်
မိစ္ဆာတွေဟာ နွံထဲမှာနှစ်ဖို့ ခြေထောက်တွေ မရှိကြတော့ဘူး
ဒါပေမယ့်
မိစ္ဆာတွေဟာ လီဗာဖိနှင်းပြီး အရှိန်ပြင်းပြင်းနဲ့ လူအုပ်ထဲ မောင်းဝင်လာတုန်းပဲ
၅ ဒီဇင်ဘာ ၂၀၂၁ ည ၉:၁၅
တိတ်တိတ်လေး လောင်မီးကျ
ငါအနိုင် သူအရှုံးတရား အလံတလူလူလွင့်တဲ့နိုင်ငံမှာမှ
ငါတို့ဟာ လာပြီး လောင်မြိုက်နေရရှာတယ်
ငါတို့လောင်မြိုက်မှုဟာ
မပြီးနိုင် မစီးနိုင်
မကုန်နိုင် မခန်းနိုင်
အမုန်းတရာတွေ ပစ်ထည့်
သတင်းမှားတွေ ပစ်ထည့်
လူမျိုးရေးတွေ ပစ်ထည့်
နိုင်ထက်စီးနင်းတွေ ပစ်ထည့်
နှိပ်စက်ညင်းပန်းသတ်ဖြတ်မှုတွေ ပစ်ထည့်
ချစ်ခြင်းမေတ္တာဟာ သက်တန်းကုန်ဆေးပုလင်းလို လှဲလှောင်းလို့
ဘယ်သူမှ သူ့လာပြီး ကူညီဖေးမပေးပုံ မရရှာဘူး
ငါတို့ ပန်းအိမ်မက်တွေဟာ
မီးလောင်ပြင်မြို့ကြီးအဖြစ် ပြောင်းသွား
စစ်သလင်းပြင်ကြီး ဖြစ်သွား
မကြာခင်ကမှ ဆုံးသွားကြတဲ့ ငါ့အဒေါ်တွေ၊ အစ်ကို၊ အစ်မတွေကိုလည်း အိမ်မက်ရဲ့
ငါ့မှာ ငိုလိုက်ရတာကွာ
ကျောက်ခဲလေးဖြစ်သွားတဲ့အထိပဲ
ကိုယ် အမြီးကိုယ် ပြန်မြိုမိတဲ့ မြွေလို
အခု ဘာဆက်လုပ်ရမလဲ မသိတော့
ပင်ပန်းတယ်
အိပ်မရဘူး
အမှောင်အခန်းလေးထဲ
တိတ်တိတ်လေး ထိုင်နေချင်တာပါ
တိတ်တိတ်လေး
၂၉-၁၁-၂၀၂၁ ည ၁၀:၃၂
ပင်လယ်အောက် လေရှုထွက်ခြင်း
အဆုတ်ထဲ
လေမရှိတော့
ရင်ဘတ်ထဲက အောင့်လာတယ်
ငရဲခန်းက
ခန္ဓာအထဲမှာလား
ခန္ဓာကိုယ် အပြင်ဘက်မှာလား
ပြာကျပြလိုက်ဖို့
အရင်လောင်မြိုက်ရဦးမယ်
...
လေ ...
...
..
.
၂၅-၁၀-၂၀၂၁ ည ၁၀
ကြယ်တွေအတွက် ကဗျာ
အခုတစ်လော
လူတွေကြွေရင် ကြယ်ဖြစ်သတဲ့
ကြယ်မှုန်ကြယ်မွား ကြယ်အကျွင်းအကျန်အတွေဟာ
ငါ့ရဲ့ မပျော်ရွှင်ခြင်းတွေဖြစ်လာခဲ့
ငါရယ်နေမိတယ်
ငါ့ခံစားချက်အသေတွေ ပွက်ပွက်ဆူ လောင်မြှိက်လို့။
ဒဏ်ရာတွေက ထပ်သလဲလဲ နက်သထက်နက်လာ
မုန်တိုင်းလမ်းကြောင်းတည့်တည့်က ငါ့ဝိဉာဥ် အကြိမ်ကြိမ် ပြိုကွဲ
ငါကြေကွဲလိုက်ပုံများ
ငါ့ကိုငါတောင် ပြန်ကောက်သိမ်းစရာ မရှိတော့
ပျော်ရွှင်မှုတွေ မရှာဖွေချင်တော့ပါဘူး
စိတ်ကျတွင်းနက်တဲ့ ခုန်ဆင်း
ငြိမ်ငြိမ်လေးသာ ထိုင်ချင်နေမိ
အဓိပ္ပါယ်တွေ အရောင်လွှင့်ကုန်တာ အသာထိုင်ကြည့်ရင်း။
သွားနှင့်ကြတော့ ကြယ်တို့ရေ
ငါလည်း တစ်နေ့တော့
အတွင်းလောင်မြှိုက်ခြင်းဆီမှ
အပြင်လောင်မြိုက်ခြင်းဆီသို့ အတောက်ပဆုံး။
လွမ်းမိတဲ့မြို့
နေခြည်ဟာ လွမ်းတဲ့စိတ်နဲ့ တို့မြို့လေးပေါ် ခပ်စောစော ဖြာကျလာတယ်
ပြောင်းလဲသွားတဲ့ မြေပုံအနေအထားမှာ
မြေသြဇာကောင်းကောင်းက ရုန်းထွက်လာတဲ့ အထပ်မြင့်အဆောက်အဦးတွေကြား
ကုန်းတွေကို ကျော်တဲ့ တံတားတွေကြား
ဟိုအရင် လျှောက်ခဲ့ဖူးတဲ့လမ်းလေးတွေ ပြန်မရှာတတ်ခဲ့ဘူး
အခုတော့ ဘယ်တော့ ပြန်ရောက်မယ်မှန်း မသိနိုင်တော့တဲ့ မြို့ပေါ့
သေနတ်ဒဏ်ရာ ဗရပွနဲ့ ဘယ်လို ကုစားရမလဲ မြို့လေးရေ...
အနာတွေက သိပ်နက်တယ်နော်
သွေးမှတ်တမ်းမှာ နာမည်တွေ ထပ်ထပ်တိုးလာနေတော့တာပဲ
တစ်ချို့လူတွေအတွက် မြို့လေးက နောက်ဆုံးခံတပ်တဲ့
အရင်က ကြိုက်ခဲ့ဖူးတဲ့ ကဗျာစာသား တကယ့်လက်တွေ့ဖြစ်လာတော့ အိမ်မက်ဆိုးကြီး
ငါကတော့ အဝေးက စာတစ်စောင်ထက် မပိုဘူး
လူသေလက်ထဲက ဓားပဲ
နာကျင်ရပါတယ်
အမေရှိတဲ့ မြို့လေး
တစ်နေ့ ငါပြန်လာမယ့် မြို့လေး
ကမ္ဘာနှစ်ခု စစ်ပွဲကြားမှာ ဓမ္မတေးဆို ပြည်သူတွေ အောင်နိုင်ပါစေ
ပွင့်လင်းရောင်ခြည်တွေ အမှောင်မိုက်ဆုံးထောင့်များထိ လင်းဖြာနိုင်ပါစေ
ငါရှာမတွေ့ခဲ့တဲ့လမ်းတွေ အမြန်ပြန်ရှာနိုင်ပါစေ
နောက်ဆုံးငရဲ
အရင်တုန်းကလည်း ဒီဟာသ အခုလည်း ဒီဟာသပဲ မင်းဟာသက မရီရဘူး မင်းကိုယ်တိုင်က ရီစရာ ပြဿနာက မင်းဟာ စုံလုံးကန်း ငါတို့အတွက်က နောက်ဆုံးငရဲ မင်းအတွက်တော့ လာမယ့် လက်တွေ့ငရဲအသင်္ချေ ပြဿနာက ဒါကို မင်းမမြင်ဘူး စောက်လောဘအိုးကြီး လူတိုင်းရဲ့ကျိမ်စာမှာ အရှင်လတ်လတ်ပုပ်ပွနေတာများ မြင်မကောင်း မနက်တိုင်းအဆဲခံ ညတိုင်းအဆဲခံ မကောင်းဆိုးဝါး နှင်ကို နှင်ရမယ် ဒီကဗျာဟာ ကျက်သရေကို မရှိဘူး ထွီး ၈ ဂျွန် ၂၀၂၁ ၁၃း၀၃
အနာမကျပ်သော
ရှုပ်နေတဲ့စိတ်နဲ့ လမ်းတွေ လျှောက်နေမိတယ်
ဒဏ်ရာတွေ တဖြုတ်ဖြုတ် ကျကျန်ခဲ့ရင် ကောင်းမယ်
ငါတို့ထမ်းထားရတဲ့ဝန်က အကြီးကြီး ဆူးတွေနဲ့
ငရဲနားနီးတဲ့အထိ ငါတို့ နှစ်မြုပ်ရ
ပူလိုက်တာလို့ မအော်မိအောင် သတိထားရတယ်
ငါတို့ထက် ငရဲနားနီးတဲ့သူတွေ အများကြီးလေ
တစ်ချို့က ငရဲထဲ ဖြတ်လျှောက်နေရတယ်
တစ်ချို့က ငရဲအလယ်တည့်တည့်မှာ
ဒဏ်ရာတွေ တဖြုတ်ဖြုတ် ကျကျန်ရစ်ခဲ့ရင် ကောင်းမယ်လေ
အခုတော့ လက်နက်ကြီးတွေပဲ တဖြုတ်ဖြုတ်ကြလာ
ဖွာလန်ကြဲသွားတဲ့ ဘဝတွေ
ရမ်းမှုန့်ပေသွားတဲ့ ဖြူစင်မှုတွေ
ဒေါသနဲ့ဒဏ်ရာရော မျက်လုံးစုံဖောက်ပြီး တစ်ခါတည်းမော့ချလိုက်
နာကျင်ခြင်းတွေ နယ်လွန်နေကြပြီ
ဒီစောက်ဒဏ်ရာတွေ တဖြုတ်ဖြုတ် ကျကျန်ရစ်ခဲ့ရင် ကောင်းမယ်
၂၀၂၁-၀၆-၀၆ ၈:၁၇ ည
မီးမဲ့မီးပြတိုက်
မီးမဲ့မီးပြတိုက်အောက်
ပင်လယ်ဟာ တွေဝေလို့နေပြီ
နွေဦးရွက်ကြွေအသက်တွေ
မျက်ရည်တံတားမှာ နောက်ဆုံးပြောသွားတဲ့စကားတွေ
လမ်းဆုံလမ်းခွမှာ တစ်စုံတစ်ယောက်ဟာ ဇီမာလမ်းဆုံကဗျာကို ရွတ်နေတယ်
ငါတို့ ပြောင်းလဲပစ်လိုက်တဲ့ ရာသီဥတုတွေလို
သူတို့ဦးနှောက်လေးတွေ အပြောင်းခံရ
သေနတ်မောင်းဆွဲရတာ လွယ်သလောက်
သမိုင်းတကျော့ပြန်လာဖို့က ပိုလွယ်သတဲ့
ငါတို့ရဲ့ မျက်ရည်ကြီး မျက်ရည်ငယ်မှာ
ဧရာဝတီ သာယာဝပြောပါစေ
ငါတို့ရဲ့ ကြေမွနေတဲ့ နှလုံးသားမှာ
ငါတို့ မျိုးဆက်သစ် ထွန်းတောက်ပါစေ
ငါတို့ရဲ့ မတိတ်တဲ့သွေးမှာ
စစ်ဘီလူးတွေ ကျဆုံးပါစေ
ဆုတောင်းသံတွေ ကမ္ဘာကို လွမ်းခြုံလို့
ငရဲဟာ အခုထိ မကြားနိုင်သေး...
၁၆-မေ-၂၀၂၁ ည၁၀